အခွန်

ဂျပန်နိုင်ငံ၏အခွန်စနစ်

တစ်နှစ်ကျော် ဂျပန်နိုင်ငံတွင် နေထိုင်နေသူသည် နိုင်ငံခြားသားဖြစ်လျှင်လည်း သတ်မှတ်ဝင်ငွေရှိပါက ဂျပန်နိုင်ငံသားများကဲ့သို့ အခွန်ပေးဆောင်ရပါမည်။
ဂျပန်နိုင်ငံ၏အခွန်များတွင် နိုင်ငံအစိုးရကိုပေးဆောင်မည့် အစိုးရအခွန် (ဝင်ငွေခွန်)နှင့် ခရိုင်နှင့်မြို့နယ်အစိုးရတို့ကို ပေးဆောင်မည့် ဒေသအစိုးရအခွန် (နေထိုင်ခွန်၊ မော်တော်ယာဉ်ခွန်) ရှိပါသည်။

ဝင်ငွေခွန်

လစာ အစရှိသော ဝင်ငွေအပေါ် စည်းကြပ်ကောက်ခံသည့် အခွန်ဖြစ်ပါသည်။ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ပါက အခွန်ရုံးမှာ “အခွန်တွက်ချက်ပေးသွင်းခြင်း” ပြုလုပ်ပြီး အခွန်ပေးဆောင်ရပါမည်။ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက အလုပ်ရှင်မှ အခွန်ကို လစာမှ နုတ်ယူ၍ ပေးဆောင်ပေးပါသည်။

အခွန်တွက်ချက်ပေးသွင်းခြင်း

ဇန်နဝါရီလ ၁ရက်မှ ဒီဇင်ဘာလ ၃၁ရက်အထိ တစ်နှစ်အတွင်းရရှိသည့် ဝင်ငွေစုစုပေါင်းနှင့် ပေးဆောင်ရမည့် အခွန်ကိုတွက်ချက်ကာ ဖေဖော်ဝါရီလ ၁၆ရက်မှ မတ်လ ၁၅ရက်အကြား သက်ဆိုင်ရာ အခွန်ရုံးအား တင်ပြ အကြောင်းကြား၍ အခွန်ပေးဆောင်ရပါမည်။ အွန်လိုင်းမှတစ်ဆင့် တင်ပြအကြောင်းကြားနိုင်ပါသည်။ အသေးစိတ်ကို သက်ဆိုင်ရာအခွန်ရုံးထံသို့ ဆက်သွယ်စုံစမ်းပါ။

⑥အခွန်ရုံးများ

နေထိုင်ခွန်

ဇန်နဝါရီလ ၁ရက်တွင် နေထိုင်နေသည့် ခရိုင်နှင့် မြို့နယ်အစိုးရအား ပေးဆောင်ရမည့် အခွန်ဖြစ်ပါသည်။ ယခင်နှစ်၏ ဝင်ငွေအပေါ်မူတည်ပြီး အခွန်ပေးဆောင်ရပါမည်။ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက အလုပ်ရှင်က လစာမှနုတ်ယူပြီး ပေးဆောင်ပေးပါသည်။ ကိုယ်ပိုင်လုပ်ငန်းရှင်သည် ဇွန်လတွင် ပေးပို့လာမည့် အခွန် အကြောင်းကြားစာဖြင့် ဘဏ်မှတစ်ဆင့် ပေးဆောင်ရပါမည်။

မော်တော်ယာဉ်ခွန်၊ အငယ်စားမော်တော်ယာဉ်ခွန်

ဧပြီလ ၁ရက်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ပိုင်ဆိုင်ထားသူက ပေးဆောင်ရမည့်အခွန်ဖြစ်ပါသည်။ အခွန်အကြောင်းကြားစာဖြင့် ဘဏ် သို့မဟုတ် Convenience စတိုးတွင် ပေးဆောင်ရပါမည်။ မော်တော်ယာဉ်ကို လွှဲပြောင်းသည့်အခါနှင့် စွန့်ပစ်သည့်အခါ အမည်ပြောင်း သို့မဟုတ် စွန့်ပစ်ကြောင်းအကြောင်းကြားခြင်းမလုပ်လျှင် ဆက်လက်အခွန်ပေးဆောင်နေရပါမည်။

စားသုံးခွန်

ဈေးဝယ်သည့်အခါအပြင် မည်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဝယ်ယူသုံးစွဲမှုအပေါ် စည်းကြပ်ကောက်ခံသည့် အခွန်ဖြစ်ပါသည်။ ၂၀၁၉ခုနှစ် အောက်တိုဘာလမှစ၍ အခွန်နှုန်းသည် အစားအသောက်နှင့် သတင်းစာအတွက် ၈ ရာခိုင်နှုန်း (အရက်နှင့် စားသောက်ဆိုင်တွင်စားသုံးခြင်းမှလွဲ၍) ၊ ကျန်ပစ္စည်းများအတွက် ၁၀ရာခိုင်နှုန်းဖြစ်ပါသည်။

💻အစိုးရအခွန်ဆိုင်ရာအချက်အလက်များ /အစိုးရအခွန်အေဂျင်စီ

အခွန်ထမ်းအနေဖြင့် သိသင့်သိထိုက်သည့်အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့်ရှင်းပြထားသည်။

National Tax Information

💻နိုင်ငံခြားသားများအတွက် အခွန်ဆိုင်ရာသိကောင်းစရာများ / ကာဂါဝါခရိုင်

အခွန်ပေးဆောင်နည်း၊ နိုင်ငံ၊ ခရိုင်၊ မြို့နယ်အစိုးရအလိုက် ပေးဆောင်ရမည့်အခွန်အကြောင်းကို ရှင်းပြထားပါသည်။

နိုင်ငံခြားသားများအတွက် အခွန်ဆိုင်ရာသိကောင်းစရာများ