ကလေးမွေးဖွားခြင်း

အကြောင်းကြားရန်

ကလေးမွေးလျှင် ဆေးရုံ၊ဆေးခန်းမှ “မွေးစာရင်း”ကိုထုတ်ယူပြီး မိဘသည် မည်သည့်နိုင်ငံသားမဆို ၁၄ရက်အတွင်း မြို့နယ်ရုံးသို့ “ကလေးမွေးကြောင်းအကြောင်းကြားစာ”ကို တင်ရပါမည်။ မိခင်နိုင်ငံ၏ ဂျပန်နိုင်ငံဆိုင်ရာ သံရုံးကိုလည်း မမေ့မလျော့ အကြောင်းကြားပါ။
မိဘနှစ်ပါးစလုံး နိုင်ငံခြားသားဖြစ်ပါက ကလေးသည် ဂျပန်နိုင်ငံသားမရရှိနိုင်သောကြောင့် ကလေးမွေးပြီး ရက်ပေါင်း ၃၀အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီတွင် နေထိုင်ခွင့်လျှောက်ရန် ဆောင်ရွက်ရပါမည်။

ကုန်ကျစရိတ်နှင့် ထောက်ပံ့ကြေး

ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းသည် ရောဂါမဟုတ်သောကြောင့် ကျန်းမာရေးအာမခံနှင့် အကျုံးမဝင်ပါ။ ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားသည့်အခါ တစ်ပတ်ခန့် ဆေးရုံတက်ရပြီး ယန်း ၅သိန်းခန့် ကုန်ကျသွားနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ကာလတွင် ပြုလုပ်မည့် ကျန်းမာရေးဆေးစစ်မှုများကိုလည်း ထည့်သွင်းစဥ်းစားမည်ဆိုလျှင် အကုန်အကျများနိုင်ပါသည်။ သို့သော်လည်း ပြည်သူ့ကျန်းမာရေး အာမခံဝင်ထားသူအတွက်မူ ကလေးမွေးဖွားခြင်းထောက်ပံ့ကြေးအဖြစ် ကုန်ကျသွားမည့်စရိတ်၏ အတော်များများ (ယန်း ၄သိန်းခန့်)ကို မြို့နယ်အစိုးရ သို့မဟုတ် ကျန်းမာရေးအာမခံမှ ဆေးရုံ၊ဆေးခန်းသို့ တိုက်ရိုက်ပေးချေ ပေးပါသည်။
အသေးစိတ်ကို အလုပ်သမားကျန်းမာရေးအာမခံဝင်ဖြစ်ပါက ကုမ္ပဏီသို့၊ အမျိုးသားကျန်းမာရေးအာမခံဝင် ဖြစ်ပါက မြို့နယ်ရုံး၏ အမျိုးသားကျန်းမာရေးအာမခံဌာနထံသို့ စုံစမ်းမေးမြန်းပါ။

ကလေးဆေးကုသမှုစရိတ်

နေထိုင်နေသည့်မြို့နယ်တွင် မွေးကင်းစကလေးကျန်းမာရေးဆေးစစ်ခြင်း (ကလေးအသက် ၃-၄လ၊ ၈-၁၀လ၊ ၁နှစ် ၆လ၊ ၃နှစ်တွင်)နှင့် ကာကွယ်ဆေးထိုးခြင်းကို ပြုလုပ်ပေးပါသည်။ အစီအစဉ်အများစုကို အခမဲ့ဆောင်ရွက် ပေးနေပါသည်။
ပြည်သူ့ကျန်းမာရေးအာမခံဝင်ထားပါက မသင်မနေရ ပညာရေးကျောင်း မထက်မီ ကလေး၏ ဆေးကုသမှုစရိတ်သည် ကုန်ကျစရိတ်၏ ၂၀% ဖြစ်ပါသည်။ အချို့မြို့နယ်အစိုးရသည် မွေးကင်းစကလေး ဆေးကုသမှုစရိတ်ထောက်ပံ့မှုအစီအစဥ်ကို ဆောင်ရွက်ပေးနေပါသည်။
အသေးစိတ်ကို မြို့နယ်အစိုးရရုံး သို့မဟုတ် ကျန်းမာရေးစင်တာထံသို့ စုံစမ်းမေးမြန်းပါ။