ကျန်းမာရေးအာမခံ

ကျန်းမာရေးအာမခံ

ဂျပန်နိုင်ငံတွင် နေထိုင်နေသူအားလုံးသည် ပြည်သူ့ကျန်းမာရေးအာမခံကို မဝင်မနေရ ဝင်ရပါမည်။ ပြည်သူ့ကျန်းမာရေးအာမခံတွင် ကုမ္ပဏီဝန်ထမ်းများက ဝင်ရမည့် အလုပ်သမားကျန်းမာရေးအာမခံနှင့် အခြားသူများက ဝင်ရမည့် အမျိုးသားအာမခံ ရှိပါသည်။ (※အသက် ၇၅နှစ်ကျော်ရှိသူများသည် ဒုတိယအဆင့် သက်ကြီးရွယ်အို ကျန်းမာရေးအာမခံကို ဝင်ရပါမည်။)
ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကျန်းမာရေးအာမခံဝင်ရန် ကုမ္ပဏီမှ စီစဥ်ဆောင်ရွက်ပေးပါသည်။ အာမခံပရီမီယံ ကြေးကို အလုပ်ရှင်နှင့် အလုပ်သမားတို့က ထက်ဝက်စီကျခံရပြီး ကျခံသည့် ငွေပမာဏကို လစာမှ နုတ်ယူပေးဆောင် ပါသည်။ အမျိုးသားကျန်းမာရေးအာမခံအတွက်မူ နေထိုင်သူအဖြစ် အကြောင်းကြားသည့်အခါလည်းကောင်း၊ အလုပ်ထွက်သောကြောင့် အလုပ်သမားအာမခံမှ ထွက်ရသည့်အခါလည်းကောင်း ၁၄ရက်အတွင်း နေထိုင်နေသည့် မြို့နယ်ရုံးတွင် အာမခံဝင်ရန် လျှောက်ရပါမည်။ အမျိုးသားအာမခံ၏ ပရီမီယံကြေးကို မြို့နယ်ရုံးမှ ပေးပို့လာမည့် ပြေစာဖြင့် ဘဏ်၊ စာတိုက် သို့မဟုတ် Convenience Storeတွင် ပေးဆောင်ရပါမည်။
ကျန်းမာရေးအာမခံဝင်ထားသူများကို ကျန်းမာရေးအာမခံကတ် ထုတ်ပေးပါသည်။ ဆေးရုံ၊ဆေးခန်း သွားပြသည့်အခါ မူလတန်းကျောင်း ပထမတန်းဝင်သည့်နှစ်မှ အသက် ၆၉နှစ်အထိ ဆေးကုသမှုစရိတ်၏ ၃၀%ကိုသာ ပေးဆောင်ရုံဖြင့် ဆေးကုသမှုကို ခံယူနိုင်ပါသည်။ ကျန်းမာရေးအာမခံ၏ ခံစားခွင့်များတွင် ဆေးကုသမှုစရိတ်အပြင် အလွန်ဈေးကြီးသော ဆေးကုသမှုစရိတ်ထောက်ပံ့ပေးခြင်းစနစ်နှင့် ကလေးမွေးဖွားခြင်းထောက်ပံ့ကြေးတို့ကိုလည်း ခံစားနိုင်ပါသည်။

အခြား ရောဂါ၊ဒဏ်ရာရသည့်အခါ ကျန်းမာရေးအာမခံဆိုင်ရာကိစ္စများကို လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ၏ “နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ်” “အခန်း ၆ ဆေးကုသမှု”တွင် လေ့လာနိုင်ပါသည်။

ပြုစုစောင့်ရှောက်ရေးအာမခံ

အသက်ကြီးလာပြီး ပြုစုစောင့်ရှောက်မှုလိုအပ်လာသည့်အခါလည်းကောင်း၊ နေ့စဉ်စားသောက်နေထိုင်မှုဘဝတွင် ပြုစုစောင့်ရှောက်မှုလိုအပ်လာသည့်အခါလည်းကောင်း လူမှုဘဝအသိုင်းအဝိုင်းတစ်ခုလုံးဖြင့် သက်ကြီးရွယ်အိုနှင့် ပြုစုစောင့်ရှောက်မှု လိုအပ်သူများကို ကူညီသည့်စနစ်ဖြစ်ပါသည်။ အသက် ၄၀ကျော်ရှိသူများသည် အာမခံဝင်ဖြစ်ပြီး ပရီမီယံကြေးကို ပေးဆောင်ရပါမည်။ ပြုစုစောင့်ရှောက်မှု လိုအပ်သည်ဟု အသိအမှတ်ပြုခြင်းခံရသည့်အခါ ကုန်ကျ စရိတ်၏ ၁၀% မှ ၃၀% ကိုကျခံရုံဖြင့် ပြုစုစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။
နိုင်ငံခြားသားဖြစ်လျှင်လည်း အသက် ၄၀ကျော် ၆၅နှစ်အောက်ရှိသူဖြစ်ပြီး ဂျပန်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေး အာမခံဝင်ထားသူနှင့် မြို့နယ်ရုံးတွင် နေထိုင်မှုအကြောင်းကြားထားသူများဖြစ်ပါက ပြုစုစောင့်ရှောက်မှုအာမခံကို မဝင်မနေရ ဝင်ရပါမည်။ ကျန်းမာရေးအာမခံကဲ့သို့ ပရီမီယံကြေးကို လစာမှ နုတ်ယူပေးဆောင်ပါသည်။ အသက် ၆၅နှစ်ကျော်ရှိသူများအတွက်မူ ပင်စင်မှ နုတ်ယူပေးဆောင်ပါသည်။
ပြုစုစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုကို အသုံးပြုမည်ဆိုလျှင် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။
① မြို့နယ်ရုံးသို့ “ပြုစုစောင့်ရှောက်မှုလိုအပ်ကြောင်းအသိအမှတ်ပြုခြင်း”ကို လျှောက်ပြီး အသိအမှတ်ပြုခြင်း ခံရပါမည်။
② Care Manager သို့မဟုတ် ဒေသပြုစုစောင့်ရှောက်မှုစင်တာတွင် ပြုစုစောင့်ရှောက်မှုအစီအစဥ် (Care Plan) ရေးဆွဲပေးရန် တောင်းဆိုရပါမည်။
③ Care Plan အရ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။