ပင်စင်

ဂျပန်နိုင်ငံတွင် နေထိုင်နေသူအားလုံးသည် အသက်ကြီးသွားသည့်အခါ အခက်အခဲမရှိအောင် ပင်စင်ကို မဝင်မနေရ ဝင်ရပါမည်။ ပြည်သူ့ပင်စင်တွင် “အမျိုးသားပင်စင်”နှင့် ”အလုပ်သမားပင်စင်”တို့ ရှိပါသည်။ အမျိုးသားပင်စင်သည် အခြေခံပင်စင်ကို စီစဥ်ပေးသည့်ပင်စင်ဖြစ်ပြီး အလုပ်သမားပင်စင်သည် အခြေခံပင်စင်အပြင် ရရှိထားသည့် လစာပမာဏအပေါ်မူတည်ပြီး ပင်စင်ကို ပို၍ခံစားနိုင်မည့် ပင်စင်ဖြစ်ပါသည်။
အမျိုးသားပင်စင်သည် ဂျပန်နိုင်ငံတွင် နေထိုင်နေသူဖြစ်ပါက မည်သည့်နိုင်ငံသားမဆို အသက် ၂၀ကျော်ရှိသူသည် မဝင်မနေရဝင်ရပါမည်။ မြို့နယ်ရုံးတွင် ပင်စင်ဝင်ရန်လျှောက်ရပြီး ဂျပန်နိုင်ငံပင်စင်ဝန်ဆောင်မှုမှ ပေးပို့လာမည့် ငွေပေးချေလွှာဖြင့် ပရီမီယံကြေးကို ပေးဆောင်ရပါမည်။ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက အလုပ်သမားပင်စင်ကို မဝင်မနေရ ဝင်ရပါမည်။ ကုမ္ပဏီမှ အလုပ်သမားပင်စင်ဝင်ရန် လျှောက်ပေးပါမည်။ ပရီမီယံကြေးကို အလုပ်ရှင်ဘက်မှ ၅၀% ကျခံပေးပြီး အလုပ်သမားဘက်က ကျခံရမည့်ပမာဏကိုလည်း လစာမှနုတ်ယူ ပေးဆောင်ပေးနေပါမည်။
နိုင်ငံခြားသားသည် မိခင်နိုင်ငံသို့ အပြီးပြန်မည်ဆိုလျှင် နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေစနစ်ရှိပါသည်။ ပင်စင်ပရီမီယံကြေးကို ၆လကျော် ပေးဆောင်ခဲ့သည့် နိုင်ငံခြားသားအတွက် ဂျပန်နိုင်ငံမှ အပြီးပြန်သွားပြီး ၂နှစ်အတွင်းတွင် သတ်မှတ်ထားသည့် နည်းအတိုင်းလျှောက်ပါက နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေ ပြန်ပေးသည့် စနစ်ဖြစ်ပါသည်။ လျှောက်ထားရာတွင် သတ်မှတ်ချက်များရှိပါသည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

💻နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေလျှောက်လွှာ /ဂျပန်နိုင်ငံပင်စင်ဝန်ဆောင်မှု

နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေလျှောက်လွှာ

ပင်စင်၊ လူမှုဖူလုံရေးအကြောင်း အသေးစိတ်သိရှိလိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ၏ “နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ်” “အခန်း ၇ ပင်စင်နှင့် လူမှုဖုလုံရေး”တွင် လေ့လာနိုင်ပါသည်။